↓Skip to main content

Habit Stacking အကြောင်း

Table of Contents

ဒီတစ်ခေါက်တော့ ဒီနေ့ဖတ်ဖြစ်တဲ့ “Atomic Habits” ထဲက မှတ်သားစရာ “Habit Stacking” အကြောင်း မျှဝေချင်ပါတယ်။

အလေ့အကျင့်တစ်ခုကို စဖို့အကောင်းဆုံး နည်းလမ်းကတော့ ဘာလဲဆိုပြီးတော့ သူပြောထားတာတွေပေါ့။ လူတွေထင်တာက ကျွန်တော်တို့မှာ လုံလောက်တဲ့ motivation တွေမရှိလို့ ဒီ ကိုယ်လုပ်ချင်တဲ့အရာတွေကို စပြီးတော့ မလုပ်ဖြစ်တာပေါ့လေ။ ဒါပေမဲ့ တကယ်တမ်းစာအုပ်ထဲမှာပြောသွားတာကတော့ လူတွေမှာ တကယ်တမ်း motivation မရှိတာမဟုတ်ဘူး။ သူတို့မှာ တကယ်ရှိမနေတာက ရှင်းရှင်းလင်းလင်း ဖြစ်တဲ့ action plan ပေါ့။ သူကတော့ clarity လို့ သုံးသွားတယ်။

အဲ့တော့ ဘာလုပ်ချင်တယ်ဆိုတာပဲ စိတ်ထဲမှာရှိပြီးတော့ အဲ့ဒီ့ဟာကို ဘယ်လိုမျိုး အကောင်အထည်ဖော်မလဲဆိုတာ မရှိနေဘူးလို့ နားလည်တာပေါ့လေ။ သူဘာထပ်ပြီးတော့ ပြောသွားသေးလဲဆိုတော့ ဘယ်အချိန်မှာ ဘယ်နေရာမှာ ဘာကိုလုပ်မယ်ဆိုတဲ့ အဲ့ဒီ့အချက်သုံးချက်ပါတဲ့ဟာကို အဓိကအနေနဲ့သူကပြောသွားတယ်။ သူကတော့ behavior ရယ် time ရယ် location ရယ်ပေါ့လေ။ ဒီ သုံးချက်နဲ့ပြောသွားတယ်။

I will [behavior] at [time] in [location]
ပြောချင်တာက: ငါက ဘယ်အချိန်မှာ ဘယ်နေရာမှာ ဘာကိုလုပ်မလဲ။

အဲ့တော့ သူထပ်ပြီးတော့ ပြောသွားတွေထဲမှာ စိတ်ဝင်စားဖို့ကောင်းတာက Habit stacking ဆိုတဲ့ဟာတစ်ခုလည်းပြောသွားသေးတယ်။ ဒါကတော့ သူက BJ Fogg ရဲ့ Formula ကို ရည်ညွှန်းပြီးတော့ပြောသွားတာပါ။

Habit Stacking Formula

ကျွန်တော်တို့ အလေ့အကျင့်အသစ်တစ်ခု စပြီးတော့ တည်ဆောက်တော့မယ်ဆိုလို့ရှိရင် ကျွန်တော်တို့မှာ ရှိနေပြီးသား အခြေခိုင်နေပြီးသား အလေ့အကျင့်ကောင်း အလေ့အကျင့်ဟောင်း တစ်ခုကို သုံးပြီးတော့ အဲ့ဒီ့အလေ့အကျင့်ရဲ့ နောက်မှာ ထပ်ပြီးတော့ ထပ်ပိုး (stacking) လုပ်တာမျိုးကို ပြောချင်တာပါ။

ဒီအလေ့အကျင့် အသစ်တစ်ခုကို တည်ဆောက်တဲ့အချိန်မှာ သတိထားရမဲ့ဟာတွေကတော့:

  1. အချိန်ရွေးချယ်မှု: ကိုယ်အဲ့ဒီ့အလေ့အကျင့်အသစ်ကို လုပ်လိုက်တဲ့အချိန်မှာ အောင်မြင်နိုင်ခြေများတဲ့ အချိန်မျိုးဖြစ်ရမယ်။ ဥပမာ အရမ်းရှုပ်ရှုပ်ရှက်ရှက် ဖြစ်နေတဲ့ မနက်ခင်းမျိုးမှာ သွားပြီးတော့ တရားထိုင်မယ်ဆိုတဲ့ meditation လုပ်မဲ့အစီအစဉ်ကို ထားမိတယ်ဆိုရင် ဒါအောင်မြင်နိုင်ခြေနည်းပါတယ်။
  2. Frequency ကိုက်ညီမှု: Stacking သွားလုပ်မဲ့ အလေ့အကျင့်အသစ်နဲ့ အလေ့အကျင့်အဟောင်းရဲ့ frequency တူမှ အဆင်ပြေပါမယ်။ ဥပမာ ကိုယ်က နေ့စဉ်လုပ်ချင်တယ်၊ ဒါပေမဲ့ တွဲဖက်ထားတဲ့ အလေ့အကျင့်ဟောင်းက တစ်ပတ်မှ တစ်ခါနှစ်ခါပဲ လုပ်တဲ့အရာဆိုရင် အဆင်မပြေနိုင်ပါဘူး။

“ငါက ဘယ်အချိန်မှာ ဘယ်နေရာမှာ ဘာကိုလုပ်မယ်ဆိုတဲ့ အချက်ကို တိတိကျကျ ချရေးဖို့လိုတယ်။”

အဲ့လိုမျိုး ကိုယ့်ရဲ့ ရည်ရွယ်ချက် action plan ကို သိပြီဆိုရင်တော့ အဲ့ဒီ့အလေ့အကျင့်က စပြီးတော့ အကောင်အထည်ပေါ်နိုင်ပါပြီ။

ဥပမာ:
မနက်ခင်း မျက်နှာသစ် သွားတိုက်ပြီးတိုင်း စာကြည့်စားပွဲမှာထိုင်ပြီးတော့ ၁ မိနစ်တိတိ တရားထိုင်မယ်။ ဒီမှာ:

  • ဘယ်အချိန်လဲ (မနက်ခင်း သွားတိုက်ပြီးတိုင်း)
  • ဘယ်နေရာလဲ (စာကြည့်စားပွဲ)
  • ဘာလုပ်မလဲ (၁ မိနစ် တရားထိုင်မယ်)

ဒီအချက်လေးကို အသုံးချပြီးတော့ အလေ့အကျင့်အသစ်တစ်ခုကို ကြိုးစားကြည့်ပါဦးမယ်။ နောက်ပတ်တွေမှာလည်း ထပ်ဖတ်ပြီး မှတ်သားစရာလေးတွေရှိရင် article အနေနဲ့ မျှဝေသွားပါဦးမယ်။